မြေဝယ်ရာမှာ သူများယောင်တိုင်း လိုက်မယောင်ဖို့ လိုပါတယ်။ သူများအပြောတွေမှာ ဂိတ်ဆုံးမနေဖို့ လိုပါတယ်။ Hot နေတဲ့နေရာ Hype ဖြစ်နေတဲ့ နေရာမျိုးမဟုတ်ပဲ မှန်ကန်စွာလေ့လာ ရွေးချယ်ဝယ်ယူတတ်ဖို့ လိုပါတယ်။
အချို့အယူအဆတွေ မှားနေကြတာတွေ ရှိပါတယ်။ ဒါတွေဟာ နားမလည်လို့ ဖြစ်တာပါ။
တန်ဖိုးမရှိတဲ့မြေဆိုတာ မရှိဘူး။ ဟုတ်ပါတယ်။ တန်ဖိုးမရှိတဲ့မြေဆိုတာ မရှိပါဘူး။မြေအမျိုးအစားအလိုက် သူ့တန်ဖိုးနဲ့သူ ရှိပါတယ်...
လယ်မြေ (C) (ပုံစံ၇/သီးစားစလစ်)
ရေခြံ (CH) (ပုံစံ၇/သီးစားစလစ်) ၊
ယာမြေ ( Y ) (ပုံစံ၇ /သီးစားစလစ်)၊
သစ်တောမြေ (ကော်ဖီ/CF)
အခြားနည်းကျပြီးမြေများ (လူနေထိုင်ခွင့်/အခြား)
ဂရံမြေ/စက်မှုဂရံ/စလစ်မြေ/ပါမစ်မြေ
ဒါတွေဟာ ပြင်ဦးလွင်မှာ အတွေ့များရဆုံး မြေအမျိုးအစားတွေ ဖြစ်ပါတယ်။
ဒီမြေအမျိုးအစားတွေအားလုံး သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။
(စီမံကိန်းမြေ၊ အစိုးရပိုင်မြေ၊ ကျူးကျော်မြေ၊ တပ်ပိုင်မြေနဲ့ သစ်တောမှတိုက်ရိုက်ထိမ်းသိမ်းထားတဲ့မြေ တွေကိုတော့ လုံးဝရှောင်ရှားပါ)
ပြောချင်တာက ကျွန်တော်တို့တွေ ကိုယ့်ရဲ့ လိုအပ်ချက်အလိုက် ရွေးချယ်ဝယ်ယူတတ်ဖို့သာ လိုတာပါ...
အထက်ပါမြေအမျိုးအစားအားလုံး တရားဥပဒေနဲ့အညီဆိုရင် အရောင်းအဝယ်အားလုံး လုပ်လို့ရပါတယ်... (မြေအရောင်းအဝယ်လို့ဆိုရာမှာ မြေကြီးကို အရောင်းအဝယ်လုပ်တာမဟုတ်ဘဲ မြေအသုံးချခွင့်ကို အရောင်းအဝယ်လုပ်တာသာဖြစ်ကြောင်း နားလည်ထားဖို့လိုပါတယ်)
အဲဒီတော့ ကိုယ်ဝယ်လိုက်တဲ့ မြေအပေါ်မှာ မြေအမျိုးအစားအလိုက် မှန်ကန်စွာ အသုံးချမယ်ဆိုရင် ဘာပြဿနာမှ ဖြစ်လာမည်မဟုတ်ပါ။
သစ်တော(ကော်ဖီ/CF)မို့ အရောင်းအဝယ်လုပ်မရဘူးဆိုတာ မမှန်ပါဘူး။ ကော်ဖီစိုက်ဖို့လိုရင် ကော်ဖီမြေဝယ်ပါ။
ယာ စိုက်လိုလျှင် ယာမြေဝယ်ပါ။
လယ်စိုက်မယ်ဆိုရင် လယ်မြေဝယ်ပါ။
လူနေမယ်ဆိုရင် ရွာမြေ၊ ဂရံမြေ၊ သို့မဟုတ် လူနေထိုင်ခွင့်ကျပြီးသားမြေကို ဝယ်ပါ။
ဒါဆိုရင် ဘာပြဿနာမှ ဖြစ်လာမည်မဟုတ်ပါ။
အခုကြုံတွေ့နေရတဲ့ ပြဿနာက လူနေထိုင်ဖို့အတွက်ဆိုပြီး ယာမြေ တွေကို ဝယ်ထား၊ ရောင်းထားမိလို့ ကြုံရတဲ့ ပြဿနာပါ။
ဝယ်ထားမိသူတွေအတွက်လည်း အရမ်းကြီးစိတ်ဓာတ်မကျဖို့ အားပေးချင်ပါတယ်။
သိလို့ ဝယ်တာပဲဖြစ်ဖြစ်... မသိလို့ဝယ်ထားတာပဲ ဖြစ်ဖြစ်... အခုအချိန်မှာ နေလို့မရရင် အချိန်တစ်ခုကို စောင့်ကြရမှာပဲ ဖြစ်ပါတယ်... (ယာမြေဝယ်ရင် ယာစိုက်ထားလိုက်ပါ...)
(ကျွန်တော်ကိုယ်တိုင်လည်း ယာမြေအကွက်ရိုက်ထဲက အကွက်ကျယ်ကျယ်တွေ ဝယ်ထားတာရှိပါတယ်... သိလျှက်နဲ့ ဝယ်တာပါ... ဘာလို့လဲဆိုတော့ လူနေထိုင်လို့ရတဲ့မြေထက် ဈေး ဆယ်ဆလောက် သက်သာလို့ ဝယ်ထားတာပါ... အိမ်ဆောက်လူနေလို့မရသေးရင် ခြံစိုက်ပြီး မွေးထားပါမယ်... ရင်းနှီးမြှုပ်နှံထားတဲ့သဘောပါ...)
စိတ်ရှည်ပါ... အခုလိုကာလအတွင်း ကိုယ်ပိုင်ထားတဲ့ မြေအမျိုးအစားအလိုက် မှန်ကန်စွာ အသုံးချပါ။
ပထဝီဝင်အနေအထားအရ အရေးပါတဲ့နေရာမှာရှိတဲ့ မြို့တွေ ရွာတွေဆိုတာ ကျုံ့သွားတာမရှိပါဘူး။ ဖွံ့ဖြိုးကြီးထွားလာတာပဲရှိတာပါ။
ဈေးသက်သာသွားတယ်ဆိုတာလည်း မရှိပါဘူး။ ဈေးပိုများလာတာလဲ ရှိပါတယ်။
မှန်ကန်စွာ ရွေးချယ်ဝယ်ယူတတ်ကြပါစေ။
Credit : Dream House
Write your comment