Accessibility Tools

 

ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများအတွက် တင်ဒါခေါ်ဆိုနိုင်ရန် ပြင်ဆင်မှု အပြီးသတ်တော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ (NYDC) က နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သည်။

 

အဆိုပါ တင်ဒါ ခေါ်ဆိုနိုင်ရန် ပါဝင်မည့် တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်သော စီမံကိန်း အကြို အဆိုပြုလွှာ (Pre-Project Documents -PPD)ကို ဟောင်ကောင် စတော့အိတ်ချိန်းဝင် China Communications Construction Company Ltd(CCCC) ကုမ္ပဏီနှင့် ညှိနှိုင်း ဆွေးနွေးနေကြောင်း သိရသည်။

NYDC ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ဦးသိမ်းဝေက “NYDC တင်ဒါ ခေါ်ဆိုနိုင်ရေး အတွက် လိုအပ်တဲ့ ဆွေးနွေး ညိုနှိုင်းမှုတွေလုပ်တာ နောက်ဆုံးအဆင့် ရောက်နေပါပြီ။ မကြာခင် အချိန်တွင်းမှာ PPD မှာပါတဲ့ အချက်တွေကို အများပြည်သူသိရှိအောင် ကြေညာနိုင်မှာပါ”ဟု ပြောဆိုထားသည်။

တင်ဒါ ခေါ်ယူရန် ပါဝင်မည့် အချက်များမှာ ကြည့်မြင်တိုင် မြို့နယ် ကမ်းနားလမ်း၊ ဗားကရာလမ်း အနီးမှ မြို့သစ်အထိ လှိုင်မြစ် ပေါ်တွင် တည်ဆောက်မည့် ၆ လမ်းသွား တံတား၊ လက်ရှိ ပန်းလှိုင် မြစ်ကူး တံတားနှင့်ယှဉ်လျက် ၂ လမ်းသွား တံတား၊ ၂၆ ကီလိုမီတာ ရှိသော အဓိက လမ်းမကြီးများ၊ ပြန်လည် နေရာချထားမည့် မြို့ရွာ ၅ ခု၏ အခြေခံ အဆောက် အအုံများ၊ ကနဦး ဆောက်လုပ်မည့် ၁၀ စတုရန်း ကီလိုမီတာ ရှိသော စက်မှုဇုန် ဧရိယာ (Industrial Estate) အခြေခံ အဆောက်အအုံများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် စီမံကိန်း တခုလုံးကို ရေပေးဝေနိုင်မည့် ပမာဏရှိသော ရေသန့်စင် စက်ရုံ (Water Treatment Plant)၊ စီမံကိန်း တခုလုံးအသုံးပြုနိုင်သည့် ပမာဏရှိသော ရေဆိုး သန့်စင်စက်ရုံ (Wastewater Treatment Plant)၊ တိုးမြစ် အနီး မြို့ သစ်နှင့် ၃၂ ကီလိုမီတာခန့် ကွာဝေးသော နေရာတွင် တည်ဆောက်မည့် ရေပေးဝေရေး ပင်မ အဆောက်အအုံ (Water Intake Facility) နှင့် အဓိက ရေဖြန့်ဝေရေး ပိုက်လိုင်းများနှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး ကွန်ရက်(Power Distribution& Transmission facilities) တို့မှာ တည်ဆောက်ရေး တင်ဒါ ခေါ်ဆိုမည့် အချက်များတွင် ပါဝင်သည်။

အဆိုပါ PPD မူကြမ်းတွင် ပါဝင်သော အချက်များကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်က ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် ရန်ကုန်တိုင်း အစိုးရ အဖွဲ့ကို ရှင်းလင်း တင်ပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“ဒီ PPD မှာပါဝင်တဲ့ အသေးစိတ် အချက်တွေကို တင်ဒါ စတင်တဲ့ အချိန်မှာ ကြေညာသွားမှာပါ။ အခု ကျနော် ပြောခဲ့တာ တွေက NYDC ရဲ့ လုပ်ငန်းစဉ် တချို့ဖြစ်တယ်။ NYDC အနေနဲ့ PPD အမြန်ဆုံး အပြီးသတ်နိုင်ဖို့၊ NYDC Challenge ကို အမြန်ဆုံးစနိုင်အောင် ကြိုးစားသွားပါမယ်”ဟု ဦးသိမ်းဝေက ပြောသည်။

မြို့သစ်အတွက် Master Plan ရေးဆွဲခြင်းနှင့် စီမံကိန်းဒီဇိုင်းကို စင်ကာပူ ကုမ္ပဏီ တခု ဖြစ်သည့် AECOM မှ လုပ်ဆောင် လျက်ရှိကာ စီမံကိန်း နယ်နိမိတ် အတွင်း အကြောင်း တစုံတရာ ပေါ်ပေါက်လာလျှင်လည်း ဖြေရှင်းပေးနိုင်မည့် အဖွဲ့ (Social and Compliance ) တခုကို ထားရှိ သွားမည် ဟု ဆိုထားသည်။

ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်ရေး အတွက် ပြည်ထောင်စု အစိုးရက တိုင်းနှင့်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဘတ် ဂျက်ချထားပေးသည့် ရန်ပုံငွေထဲမှ ကျပ် ၁၀ ဘီလီယံ မတည်ထားပြီး စီမံကိန်း တခုလုံး၏ ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ကုန်ကျမည်ဟု ရန်ကုန်တိုင်း အစိုးရက ခန့်မှန်းထားသည်။

ထို့ပြင် စီမံကိန်းကို မြေဧက ၂ သောင်းကျော်ပေါ်တွင် ပထမအဆင့် စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး စင်ကာပူ နိုင်ငံ ထက် ၂ ဆ ကျယ်ဝန်းမည် ဖြစ်ကာ မြို့သစ် စီမံကိန်းသည် အလုပ်အကိုင်သစ် ၂ သန်းကိုလည်း ဖော်ဆောင်ပေးမည် ဟုလည်း တိုင်း အစိုးရက ပြောကြားထားသည်။

ရန်ကုန်တိုင်း လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက“မြို့သစ် စီမံကိန်း က ရန်ကုန်တိုင်းလွှတ်တော်အဆင့်ကတော့ မှတ်တမ်းပဲ တင်ထားတာပေါ့နော်။ အသေးစိတ်လည်း မရှင်းရသေးပါဘူး။ အသေးစိတ်ဆိုတာက ကျနော်တို့ ရန်ကုန်တိုင်း လွှတ်တော် ပထမ အကြိမ်တုန်းကတော့ လွှတ်တော် သက်တမ်း ကုန်ခါနီး လေးမှာ အတည်ပြုခဲ့တယ်။ ဒါကို အစိုးရက အရင်လွှတ်တော်မှာ အတည်ပြုသွားလို့ တို့လွှတ်တော်မှာ အတည်ပြုစရာ မလိုတော့ဘူး၊ လွှတ်တော်အတည်ပြုပြီးပြီလို့ ယူကောင်း ယူဆနိုင်ပါတယ်။ ဒါကျနော့် အမြင် ပြောတာ။ ဒီအမြင်ကို ကျနော်တို့ က လက်မခံတာ”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက“ဘာလို့လဲဆိုတော့ အရင်လွှတ်တော်က အတည်ပြုတာ မှန်သော်လည်း လုပ်နည်းလုပ်ဟန်တွေ အရမ်း ပြောင်းသွားပြီ။ အရင် ကုမ္ပဏီနဲ့လည်း စာချုပ်ဖျက်လိုက်ပြီ။ နောက်တခါ ကျနော်တို့ကလည်း မေးခွန်းတွေ မေးတယ်။ မေးခွန်းတွေကလည်း လုံလုံလောက်လောက် လာမဖြေသေးဘူး။ ဒါကိုလည်းပဲ သူဆက်ပြီး လုပ်မယ်ဆိုတော့ ကျနော်တို့ ကန့်ကွက်သွားမှာပါ”ဟု ပြောဆိုသည်။

စီမံကိန်းလုပ်ဆောင်မည် ဆိုလျှင် တိုင်းဒေသကြီး လွှတ်တော်၏ အဆုံးအဖြတ်ကို မခံယူဘဲ လုပ်ဆောင်၍ မရသော ကြောင့် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့မှာ စီမံကိန်း ကော်မတီလည်း ရှိတယ်။ ကော်မတီနဲ့ ဆွေးနွေးပြီးတော့ အစိုးရရဲ့ တကယ်တမ်း လုပ်ပြီ ဆိုရင် ဘယ်လိုလုပ်နေလဲ ဆိုတာ ကျနော်တို့ လွှတ်တော် ဝက်ဘ်ဆိုက်ကနေ ဥပဒေနဲ့ ဘယ်လိုဆောင်ရွက် သွားလို့ရမလဲ ဆိုတာလုပ်ဖို့ အစီအစဉ် ရှိပါတယ်”ဟု ဦးကျော်ဇေယျက ဆိုသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ တိုင်းလွှတ်တော်၌ ဝေဖန်မှုများလည်း ရှိနေသည်။

New Yangon Development Co.,Ltd (NYDC) ကို ရန်ကုန်မြို့သစ် စီမံကိန်း ဖော်ဆောင်ရန် အတွက် ၂၀၁၈ ခုနှစ် မတ် လ ၃၁ ရက်က စတင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အိမ်ခြံမြေ လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း အစရှိသည့် စီးပွားရေး လုပ်ငန်းများကို ဦးဆောင်နေသည့် မစ္စတာ ဆပ်ချ်ပန်း (ခေါ်) ဦးသိမ်းဝေကို ရန်ကုန်မြို့သစ် စီမံကိန်း ဖော်ဆောင်ရေး အတွက် တိုင်းအစိုးရက တာဝန်ပေးထားခြင်း ဖြစ်သည်။

မြို့သစ်တွင် ယာဉ်ကြော ပိတ်ဆို့မှု မရှိသည့် အများပြည်သူသုံး သယ်ယူ ပို့ဆောင်ရေး စနစ် (Mass transit system) ထားရှိရန် အတွက် Oriental Consultants Japan Co., Ltd ကို လမ်းပန်းနှင့် ပို့ဆောင် ဆက်သွယ်ရေး ဆိုင်ရာ စီမံကိန်း ရေးဆွဲရေးနှင့် ယာဉ်ကြော ပိတ်ဆို့မှု ဆိုင်ရာ အကဲဖြတ်ချက် အကြံပေး (Transport planner and traffic impact assessment consultant)အဖြစ် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်က ခန့်အပ်ခဲ့ကြောင်း သိရသည်။

Credit : irrawaddy

မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection