ကျွန်တော်တို့ဒေသမှာ လယ်ယာမြေကို အရပ်စာချုပ်နဲ့ အရောင်းအဝယ်လုပ်နေတာ ဓလေ့ တစ်ခုလိုဖြစ်နေ ပါတယ် ။ ပုံစံ ၇ ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ အရောင်းအဝယ် လုပ်တာ တရားဝင်ပါသလား။ လယ်ယာမြေကို အရောင်းအဝယ်လုပ်ရာမှာ တရားဝင်ဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာ သိလိုပါတယ် ။

 လယ်ယာမြေကို အရပ်စာချုပ်နဲ့ အရောင်းအဝယ် လုပ်နေတာ တရားဝင်သလား၊ ပုံစံ ၇ ရှိ ရှိ မရှိ ရှိ လယ်ယာမြေကို အရောင်းအဝယ် လုပ်လို့ ရသလား လို့ မေးလာရင် ပြန်ဖြေရမဲ့ အဖြေ က တိုတိုလေးပါဘဲ။ အရပ်စာချုပ်ဖြင့် ရောင်းဝယ်ခြင်းသည် တရား မဝင်ပါ။ ပုံစံ ၇ မရှိသည့် လယ်ယာမြေကို ရောင်းဝယ် လွှဲပြောင်းခွင့် မရှိပါလို့ဘဲ ဖြေရပါမယ်။

လယ်ယာမြေတွေ ရောင်းဝယ်လွှဲပြောင်းနေတာ မှန်ပါတယ်။ လယ်ယာမြေဥပဒေက လယ် ယာမြေကို ရောင်းဝယ်ခွင့် ပေးတာ မဟုတ်ဘဲ လယ်ယာမြေလုပ်ပိုင်ခွင့် Right to Use the Farmland ကိုသာ လွှဲပြောင်းရောင်းဝယ်ခွင့် ပေးထားတာပါ။

လယ်ယာမြေလုပ်ပိုင်ခွင့် တစ်နည်းဆိုသော် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၇) ရှိသူ၊ လယ်ယာမြေကို တရားဝင်လုပ်ပိုင်ခွင့် ရသူကသာ ၎င်းရရှိထားသည့် လုပ်ပိုင်ခွင့်ကို လွှဲပြောင်းရောင်းချနိုင်တဲ့ အခွင့်အရေးရှိပါတယ်။

လယ်ယာမြေဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) မှာ ဒီလို ဆိုထားပါတယ်။
ပုဒ်မ ၉။ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် အောက်ပါအခွင့်အရေးများကို ရရှိစေရမည်။
(ခ) လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့် နှင့် ပေးကမ်း ခွင့် ရရှိစေရမည်။
သို့သော် လုပ်ပိုင်ခွင့်အား ရောင်း၊ ပေါင်၊ ငှား၊ လဲလှယ့် နှင့် ပေးကမ်း ခြင်း ဆောင်ရွက်ရာတွင် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဂ) စည်းကမ်းချက်ကို လိုက်နာရပါမယ်။

ပုဒ်မ ၁၂။ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် -
(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နံှခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း နှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ဦးစီးဌာနက သတ်မှတ်သည့် တံဆိပ် ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခတို့ကို ပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ် ဦးစီး ဌာနရုံးတွင် မှတ်ပုံတင်ရမည်။

ပုဒ်မ ၉ နှင့် ပုဒ်မ ၁၂ တို့၏ အချီးစကားရပ်က လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည်..လို့ အစ ချီထားသည့်အတွက် အထက်ပါ ရောင်း ပေါင်၊ ငှား၊ လဲ၊ ပေး ကိစ္စရပ်တွေကို ပုံစံ ၇ ရသူသာ လုပ်ပိုင်ခွင့်ရှိပြီး ယင်းပုဂ္ဂိုလ်သည် ပုဒ်မ ၁၂ (ဂ) အရ တံဆိပ်ခွန်ထမ်းဆောင်သည့် စာချုပ်ဖြင့် စာချုပ်ဆို၍ ဦးစီးဌာနတွင် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

ပုဒ်မ ၉ ပါ အခွင့်အရေး ခံစားခွင့် ရှိသူသည် ပုံစံ ၇ ရရှိသူသာ ဖြစ်ပါတယ်။ ထိုကြောင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို အရောင်းအဝယ်လုပ်ခြင်းအတွက် ရောင်းသူအနေဖြင့် ပုံစံ ၇ ရရှိ သူကသာ ရောင်းချနိုင်ခွင့် ရှိပြီး ဝယ်သူအနေနှင့်လည်း ပုံစံ ၇ ရရှိသူ သို့မဟုတ် အမွေဆက် ခံသူ သို့မဟုတ် ကိုယ်စားလှယ်လွှဲအပ်သူ ထံကသာ ဝယ်ယူခွင့် ရှိပါမယ်။

လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်၊ ပေးကမ်းခြင်းများကို အရပ် စာချုပ်နဲ့ ဆောင်ရွက်ခွင့် မရှိပါဘူး။ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဂ)ပါ စည်းကမ်းချက်အတိုင်း သတ်မှတ် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားသည့် စာချုပ်ဖြင့် ချုပ်ဆိုရမည်ဖြစ်ပြီး ယင်း စာချုပ်ကို သတ်မှတ်ထားသည့် စာချုပ်စာတမ်းမှတ်ပုံတင်ခ ပေးဆောင်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေး နှင့် စာရင်းအင်းဦးစီးဌာနမှာ မှတ်ပုံတင်ရပါမယ်။

လယ်ယာမြေဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) ပါ အခွင့်အရေးဖြစ်သည့် “လယ်ယာမြေလုပ်ပိုင်ခွင့် ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့်ပေးကမ်းခြင်း” များ ဆောင်ရွက် ရန် သတ်မှတ်ထားသည့် ပြဌာန်းချက်များကို နည်းဥပဒေမှာ ဖေါ်ပြထားပါတယ်။

နည်းဥပဒေ ၂၄ (က) အရ အထက်ပါ ကိစ္စများအတွက် လွှဲပြောင်းပေးသူနှင့် လွှဲပြောင်း လက်ခံသူတို့သည် နှစ်ဦးသဘောတူစာချုပ်ကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ရှေ့မှောက်မှာ တံဆိပ်ခေါင်းခွန် ထမ်းဆောင်၍ စာချုပ် ချုပ်ဆို ရမည်ဖြစ်ပါတယ်။

(ရပ်ကျေးလယ်စီရှေ့မှောက်တွင် စာချုပ် မချုပ်ဆိုမီ လွှဲပြောင်းရောင်းဝယ်သော လယ်ယာ မြေအား ဒေသန္တရတန်ဘိုး ဖြတ်ပေးရန် လျှောက်ထားခြင်း၊ မြို့နယ်လယ်စိမှ မြေတန်ဘိုး သတ်မှတ်ခြင်း၊ ယင်းတန်ဘိုးအရ တန်ဘိုး၏ ၂ ရာခိုင်နှုန်းကို တံဆိပ်ခွန်ထမ်းဆောင်ခြင်း၊ ယင်း တံဆိပ်ခေါင်းပေါ်တွင် စာချုပ်ရေးသား ချုပ်ဆိုခြင်းတို့ ဆောင်ရွက်ရမည် ဖြစ်ပါတယ်။)

ပုဒ်မ ၁၂ (ဂ) နှင့် နည်း ၂၄ (ခ) အရ စာချုပ် ချုပ်ဆိုသည့် နေ့မှစ၍ ရက်ပေါင်း (၁၂၀) အတွင်း သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရပါမည်။ ရောင်းဝယ်သော လယ်ယာမြေ တန်ဘိုး၏ (ဝ.၅)% ကို မှတ်ပုံတင်ခအဖြစ် ပေးသွင်းရပါမည်။

ယင်းသို့ ဆောင်ရွက်ပြီးသောအခါ နည်းဥပဒေ ၂၅၊ နည်းဥပဒေခွဲ (က) နှင့် (ခ) အရ မှတ်ပုံ တင် အရောင်းအဝယ်စာချုပ်နှင့် ပုံစံ ၇ မူရင်း ပူးတွဲ၍ ပုံစံ ၉ ဖြင့် မြို့နယ်ဦးစီးဌာနရုံးသို့ လယ် ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလျှောက်ထား ဆောင်ရွက်ရပါမည်။

အဆိုပါ လုပ်ငန်းစဉ်များအတွက် ဗဟိုလယ်စီမှ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)၊ ညွှန်ကြား ချက် အမှတ် (၃/၂၀၁၉) နှင့် ညွှန်ကြားချက် အမှတ် (၄/၂၀၁၉) တို့ဖြင့်ု ထုတ်ပြန် ညွှန်ကြား ထားပြီး ဖြစ်ပါတယ်။

Credit : DVB Law Lab

မြောင်းတကာစက်မှုဇုန်အနီး
မြေကွက်မှော်ဘီ
280 Lakhs
မြေကွက်ရောင်းမည်
မြေကွက်မင်္ဂလာဒုံ
ရောင်းမည်
2500 Lakhs

 

No Internet Connection