မြေခွန်ပြေစာပြပြီး မြေအရောင်းအဝယ် ပြုနေသူများ သတိပြုနိုင်ဖို့ တင်ပြချင် ပါတယ်။ အွန်လိုင်းမှာ မြေခွန်ပြေစာပြ ရောင်းဝယ် နေတာတောင် တွေ့နေရ ပါတယ်။ မစိစစ်ပဲ ဝယ်မိလို့ အရှုပ်အရှင်း ဖြစ်လာရင်တော့ ရှင်းကြ၊ ဆုံးရှုံးကြ၊ တရားရင်ဆိုင် ကြရမှာပါ။

 မြေခွန်ပြေစာ တွေမှာ အသုံးများတာ နှစ်မျိုးလောက်ပဲ ရှိပါတယ်။ လယ်ယာမြေ မြေခွန်ပြေစာနဲ့ မြို့မြေ မြေခွန်ပြေစာတို့ ဖြစ်ပါတယ်။

လယ်ယာမြေ အတွက် အများအခေါ် (ပုံစံ ၈)၊ မြို့မြေ အတွက် (ပုံစံ ၁) တို့ဖြစ်ပါ တယ်။

 

ပြေစာရဲ့ ဘယ်ဘက် အပေါ်ထောင့် ကိုကြည့်ပါ။ လယ်ယာမြေ အတွက် (မြေစာရင်း ၈ မြေခွန်ပြေစာ LR.8) နဲ့ မြို့မြေအတွက် (မြေခွန်ပုံစံ ၃/ ပြေစာ ၁ Receipt.I ) ပုံစံနမူနာပူးတွဲ တင်ပြထား ပါတယ်။

ရောင်းဝယ်ရင် မြေခွန်ပြေစာ တွေထဲက ဘယ်ပြေစာကိုပဲ ပြပြ၊ မြေခွန် ပြေစာလေးကြည့်ပြီး မဝယ်ပါနဲ့၊ ပြေစာပြရင် ပိုင်ဆိုင်မှု ပြခိုင်းရပါမယ်၊ ဒါက ဝယ်ယူသူရဲ့ အခွင့်အရေးပဲ၊ လယ်ယာမြေဆိုရင် (ပုံစံ ၇) ရှိရပါမယ်၊ (ပုံစံ ၇)ရှိမှ ရောင်းဝယ်ခွင့် ရှိတယ်လို့ ဥပဒေမှာ အတိအလင်း ပြောထား ပါတယ်၊ ဝယ်ရင် လယ်ယာမြေ တည်ရှိတဲ့ ကျေးရွာ လယ်စီရှေ့မှောက်မှာ စာချုပ် ချုပ်ဆိုပါ၊ ချုပ်ဆိုထားတဲ့ စာချုပ်ကို သက်ဆိုင်ရာ မြို့နယ် မြေစာရင်းဦးစီး ဌာနမှူးရုံးမှာ တင်ပြပြီး မှတ်ပုံတင်ပြု လုပ်ပါ (အဲလိုချုပ်ဖို့ တင်ပြဖို့က ကို့တာဝန်၊ တံဆိပ်ခေါင်းခွန်၊ မှတ်ပုံတင်ကိစ္စ သူတို့တာဝန်)။ (ပုံစံ ၇)ရအောင် လျောက်ထား ရယူဖို့ကလည်း မူလပိုင်ရှင်ရဲ့ တာဝန်ပဲ။

၂၀၁၂ လယ်ယာမြေ ဥပဒေပြဌာန်းပြီး နောက်ပိုင်း (ပုံစံ ၇) တွေထုတ်ပေးခဲ့ ပါတယ်၊ အခု ၂၀၁၈ ကုန်တော့မယ်၊ ဒီ (၆) နှစ်အတွင်း (ပုံစံ ၇) ရနေရမှာကို ခုချိန်ထိမရှိသေးဘူး ဆိုရင် စဉ်းစားပေါ့။ အကြောင်းအမျိုးမျိုး ရှိနိုင်ပေမဲ့ ဌာနတွေကလည်း ရှင်းရှင်းလင်းလင်း ရှိတဲ့ လယ်ယာမြေကို (ပုံစံ ၇) မပေးပဲ မနေပါဘူး။ ရှိခဲ့ရင်တောင် အနည်းစုပဲ ဖြစ်ပါမယ်၊ (ပုံစံ ၇) မရသေးဘူး ဆိုထဲက အကြောင်းတော့ ရှိနေပြီပေါ့။ ဒီအချက်နဲ့တင် ဝယ်ယူမယ့်သူက စုံစမ်းစစ်ဆေးဖို့ လိုနေပါပြီ။

နောက်တစ်ခုက မြို့မြေဆိုရင် ဂရန် ရှိရပါမယ်၊ ပိုင်ဆိုင်မှု အထောက်အထား တစ်ခုခုကို ဆိုလိုတာပါ။ ဂရန်မရှိ ရင်လည်း အရှုပ်အရှင်း ရှိမရှိ စစ်ဆေး ရပါမယ်။ မြို့မြေ၊ လယ်ယာမြေ မြေခွန်ပြေစာရှိလို့ အခွန်ဆောင်တယ် ဆိုရင် အဲဒီအခွန်ကို ဆောင်ရတဲ့ အကြောင်းအရင်း ရှိနေပြီပေါ့။ သူအဲဒီမြေခွန်ပြေစာ ဘယ်လိုရသလဲ၊ ဘယ်လိုပိုင်လို့လဲ၊ ဌာနက ဘာလို့ အခွန်စည်းကြပ်သလဲ၊ ဌာနမှာ ဘယ်လို စာရင်းဝင်နေသလဲ၊ ဒါတွေစစ်ဆေး ကြည့်ပါ။ ဌာနတွေမှာ သွားရောက် မေးမြန်း စုံစမ်းကြည့်ပါ။ ဘာလို့လဲ ဆိုတော့ ဝယ်ရင် ငွေပေးရတော့မယ်လေ၊ အလကား ငွေအဆုံးအရှုံးမခံချင်ရင် ဝယ်မည့်သူက ဒီလောက်တော့ အားစိုက် မေးမြန်းစုံစမ်း ရတော့မှာပေါ့။ (မြေခွန်ပြေစာ ပုံစံ ၈)ဟာ လယ်ယာ စိုက်ပျိုးမြေအပေါ် စည်းကြပ် ကောက်ခံတဲ့ မြေခွန်ပြေစာ ဖြစ်ပါတယ်။

အဲဒီလယ်ယာမြေပြေစာရဲ့ မူရင်း သတ်မှတ်ပုံစံ အပြည့်အစုံကို မြန်မာ အင်္ဂလိပ်ပုံစံနဲ့ ပူးတွဲတင်ပြထားပါတယ်။ ပြေစာမှာ ကြော်ငြာစာကို သတိပြုပါ “ဤဖြတ်ပိုင်းသည် အခွန်တော်ပြေစာသာ ဖြစ်သည်။ မြေပိုင်ရှင်ဖြစ်ကြောင်း သက်သေခံ လက်မှတ် မဟုတ်။” လို့ အတိအလင်းပါရှိနေတာကို သတိပြုပါ။

ခုခေတ် လယ်ယာမြေပြေစာ ကျောဘက်မှာ အဲဒီလို ရေးထားပါတယ်။ မြေကို ပိုင်ပိုင် မပိုင်ပိုင် သုံးနေရင် မြေခွန်ကောက်တယ်၊ ဒါကြောင့် ကျူးကျော်ခွန်ဆိုတာ ရှိတာပေါ့။ မြေကို ဥပဒေအရ ပိုင်ဆိုင်လို့ အခွန်ကောက်တာ ရှိသလို ကျူးကျော်နေလို့ အခွန်ကောက်တာလဲ ရှိကြတာပဲ။ စားကျက်မြေမှာ ကျူးကျော်စိုက်နေရင် အခွန်ကောက်သလိုပေါ့။ ဥပမာ စားကျက်မြေကို စားကျက်မြေအဖြစ်က ဥပဒေအရ ပယ်ဖျက်ခွင့် မရမချင်း ကျူးကျော်သူက ဘယ်လိုနည်းနဲ့မှ မပိုင်နိုင်ပါဘူး။

 

 

 

အခုပူးတွဲ (အနီရောင်စတား) ပြထားတဲ့ ပြေစာကိုကြည့်ပါ။ ပုံစံက လယ်ယာမြေ ပြေစာပါ။ ဒါပေမဲ့ အကြံအဖန် လုပ်ထားတဲ့ ပြေစာ ဖြစ်နိုင်ပါတယ်။ ပြေစာအရ ဆိုရင် မြို့မြေအတွင်း ရောက်နေတဲ့ လယ်ယာမြေ သို့မဟုတ် လယ်ယာမြေမှ မြို့ကွက်သစ်ရိုက်ထားမြေ ဖြစ်နိုင်ပါတယ်။ မြို့သစ်၊ မြို့ မြေဖြစ်ရင် LR.8 (ပုံစံ ၈) ပြေစာမသုံးကြပါဘူး။

Receipt.I (ပုံစံ ၁) ကိုသာ သုံးကြရ ပါတယ်။ မြို့တွင်းမှာ မူလကတည်းက လယ်ယာမြေမျိုးကြီး (မြို့တွင်း လယ်ယာမြေ) ပေါက်နေမှသာ မြေစာရင်း (ပုံစံ ၈) ဖြင့် စည်းကြပ်ရပါတယ်။ အခုပြေစာ အနေအထားအရ မြို့တွင်း လယ်လည်း မဟုတ်နိုင်ပါဘူး၊ မြေက (ဝ.၀၃) ဧက သာရှိတဲ့အတွက် စိုက်ပျိုးမြေလည်း မဖြစ်နိုင်ပါဘူး။ မြေကွက်လပ်တစ်ခုကို အကြံအဖန်လုပ် ပြေစာထုတ်ထားတဲ့ သဘောသာ ဖြစ်နိုင်ပါတယ်။

ရပ်ကျေးနဲ့ မြေတိုင်းစာရေးတို့ ပေါင်းပြီး ပြေစာထုတ်ပေးထားတဲ့အသွင် ဖြစ်နေပါတယ်။ လယ်ပိုင်ရှင်လို့လည်း ပြောမရပါဘူး၊ မြေက စိုက်ပျိုးရေးအတွက် အသုံးချမြေလို့ ပြမထား ပါဘူး။ မြေမျိုး၊ အတန်းအစား၊ စိုက်သီးနှံ၊ မြေမျိုးနှုန်းအရ သင့်ငွေ စတဲ့အချက်များ ဖြည့်ထားမှုမတွေ့ရ ပါဘူး၊ ဂရန်မကျသေး၊ လယ (၃၀) လည်း မရှိ၊ မြေကို မြို့မြေကွက်လပ်ဟု ပြေစာ ထုတ်ထားခြင်းသာဖြစ်နိုင်ပါတယ်၊ မြေခွန်ဥပဒေ လုပ်ထုံးလုပ်နည်း၊ မြေစာရင်း လုပ်ထုံးလုပ်နည်း မကိုက်ညီပါဘူး။ အကြံအဖန် လုပ်ထားတဲ့ ပြေစာသာ ဖြစ်ပါမယ်။

မြေစာရင်းရုံးမှာ စာရင်းမှတ်တမ်း မရှိနိုင်ပါဘူး။ မြေစာရင်းဌာနမှာ လယ်ယာမြေဖြစ်ပါက သီးစားခံလှပ် နှုန်းပြည့်၊ ကြေညာကွင်း လှပ် ၁၃ ပြားနှုန်း၊ အခြားနည်းသုံးလှပ် ၂ ဆနှုန်းစတဲ့ လုပ်ထုံးလုပ်နည်းများ ရှိပါတယ်။ ယခုပြေစာမှာ မတွေ့ရပါဘူး။ မြေကွက် (ပလှပ်ကွက်)ကို ဦးပြီး ပြေစာဖောက် ရောင်းရန် ဖန်တီးမှုဖြစ်ဖို့ သေချာ ပါတယ်။ (မြေခွန်ပြေစာ ပုံစံ ၈) ပေါ်မှာ မြို့မြေဆိုတဲ့ စာသားကိုလည်းရေးခွင့်မရှိပါဘူး။ ပြောရရင် ပြေစာအတု အဆင့်ပါပဲ။ ဒီလိုပြေစာမျိုးနဲ့ မစိစစ်ပဲ ရောင်းဝယ်မိရင်တော့ ရမှာက ပြဿနာ တွေပါပဲ။ ဒါကြောင့် မြေရောင်းဝယ်ရင် စိစစ်ကြပါ၊ ဌာနတွေကလည်း စာရင်း သွင်းတာ၊ ပြေစာထုတ်တာ၊ စာရင်းစစ် တာ၊ မှတ်တမ်းထားတာတွေ သေချာ လုပ်ပြီးမှ ပေးကြပါ။ ဌာနတွင်း အောက်ခြေ ဝန်ထမ်းက မသမာသော နည်းနဲ့ ထုတ်ပေးတာ၊ အရပ်ထဲမှာ အတုလုပ်တာတွေ ရှိနိုင်တဲ့အတွက် အထူးသတိထားဆောင်ရွက်ကြစေ လိုပါကြောင်း.....။

Credit ... ဆရာဦးမောင်မောင်ညွန့်၊ ဆရာဦးဇော်မင်း။ (ဆရာတွေက ပညာ/သဘာနဲ့ ရေးထား တာကို အများ နားလည် လွယ်အောင် သိတာလေး ပေါင်းစပ် ရေးသားထားပါသည် MMH)

Photos & Author : မျိုးမင်းထွန်:

မြောင်းတကာစက်မှုဇုန်အနီး
LandHmawbi
280 Lakhs
Condo  ပြည်သာယာ၊သင်္ကန်းကျွန်းမြို့နယ်
CondoYangon
2900 Lakhs
ရောင်းမည်
2500 Lakhs

 

No Internet Connection