မိတ်ဆွေတစ်ယောက်က ၎င်းဝယ်ယူသည့် ရွာမြေနှင့်ပတ်သက်၍ သတင်းစာကြော်ငြာ ထည့်သွင်းပေးပါရန်နှင့် အပြီးသတ်စာချုပ်ချုပ်ဆိုပေးဖို့ရန် အလုပ်အပ်နှံလာခဲ့ပါတယ်။ ဒီအတွက် ၎င်းချုပ်ဆိုထားတဲ့ စရန်ပေးစာချုပ်တောင်းယူလိုက်ပါတယ်။
စာချုပ်ရလာတဲ့အခါမှာ ဖတ်ကြည့်လိုက်တော့ မြို့နယ်နဲ့ ကျေးရွာအမည် ၊ အကျယ်အဝန်း တို့ကို ရေးသားထားပေမယ့် မြေကွက်အမှတ် ဆိုတဲ့နေရာမှာ ကွက်လပ်သာထားထားတာကို တွေ့ခဲ့ ရပါတယ်။ အလားလေးရပ်ကိုလည်း ဖော်ပြထားခြင်းမရှိပါဘူး။
ကျနော်တို့က သတင်းစာမှာ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာကို ထည့်တဲ့အခါမှာ ----မြို့နယ်၊ --------ရပ်ကွက် ၊ ---------- လမ်း ၊ မြေကွက်အမှတ် ------ ကို ရောင်းသူထံမှ ဝယ်သူ က ဝယ်ယူမည်ဖြစ်၍ စရန်ငွေပေးချေထားပြီးဖြစ်ကြောင်းနှင့် ကန့်ကွက်သူရှိပါက (၇) ရက်အတွင်း ကန့်ကွက်နိုင်ကြောင်းဖြင့် တိကျစွာ ကြော်ငြာရပါတယ်။
အခုကျနော်ကြော်ငြာထည့်ပေးရမယ့် မြေကွက်နှင့်ပတ်သက်ပြီးကတော့ အချက်အလက် တွေက မပြည့်စုံတဲ့အတွက် တိကျစွာဖော်ပြဖို့အတွက် အခက်အခဲဖြစ်နေပါတယ်။ ဒါကြောင့် ဝယ်သူ မိတ်ဆွေကိုဘဲ မြေကွက်ရဲ့အလားလေးရပ်ကို စုံစမ်းမေးမြန်းပြီး ပို့ပေးဖို့ပြောလိုက်ပါတယ်။ အချက် အလက် ပြည့်စုံတဲ့အခါ ကြော်ငြာထည့်သွင်းပေးမှာဖြစ်ကြောင်းလည်း တပါတည်းပြောလိုက်ပါ တယ်။
ကျနော်တို့သည် ဂရန်မြေ ၊ ပါမစ်မြေ ၊ လယ်ယာမြေ စသည်တို့ကို အရောင်းအဝယ်ပြုသည့် အခါတွင် မြေကွက်နှင့်ပတ်သက်၍ မြေကွက်အမှတ် ၊ မြေတိုင်းရပ်ကွက်အမှတ် ၊ ဦးပိုင်အမှတ် စသည်တို့ တိကျစွာရှိသည့်အတွက် အရောင်းအဝယ်ပြုသည့် မြေကွက်နှင့်စပ်လျဉ်း၍ မည်သည့် မြေကွက်ကို ဝယ်ယူကြောင်းကို အငြင်းပွားစရာမရှိပါ။
သို့သော် ရွာမြေနှင့်စပ်လျဉ်း၍မူ မြေကွက်တစ်ကွက်ချင်းစီအတွက် ဥပဒေအရသတ်မှတ်ထား သော မြေကွက်အမှတ်မရှိသည့်အတွက် တိကျမှုရှိနိုင်စေရန် လုပ်ဆောင်ရမည့်အချက်မှာ အလား လေးရပ်ကို ဖော်ပြခြင်းဖြစ်ပါသည်။
ဥပမာပြရလျင် အရောင်းအဝယ်ပြုသည့်ပစ္စည်းတွင် - ရန်ကုန်တိုင်းဒေသကြီး ၊ ------- မြို့နယ် ၊ ----------- ကျေးရွာအုပ်စု ၊ -------- ကျေးရွာ ၊ အရှေ့လားသော် ------------ အိမ်ခြံမြေကွက် ၊ အနောက်လားသော် ------------ အိမ်ခြံမြေကွက် ၊ တောင်လားသော် -------- အိမ်ခြံမြေကွက် ၊ မြောက်လားသော် ------------- အိမ်ခြံမြေကွက် အတွင်းရှိ အကျယ်အဝန်း အလျား ------- ပေ အနံ --------- ပေရှိ မြေကွက်နှင့် ယင်းမြေကွက်ပေါ်တွင် ဆောက်လုပ် ထားသော နေအိမ်အပါအဝင်မြေကွက်ရှိ အကျိုးခံစားခွင့်အရပ်ရပ်အားလုံး ။ ဟူ၍ ဖော်ပြလျင် မည်သည့်အိမ်ခြံမြေကွက်ကို အရောင်းအဝယ်ပြုသည်ကို တိကျမှုရှိနိုင်မည်ဖြစ်ပါသည်။ ထိုသို့ တိကျမှုရှိမှသာ နောင်တွင် အငြင်းပွားစရာမရှိမှာဖြစ်ပါတယ်။
သို့ပါ၍ မြေကွက်အမှတ် ထွက်ရှိခြင်းမရှိသော ရွာမြေကိုဝယ်ယူမည်ဆိုပါက အရောင်းအဝယ် စာချုပ်တွင် အရောင်းအဝယ်ပြုသည့်မြေကွက်အား သိသာထင်ရှားနိုင်ရန်နှင့် တိကျမှုရှိနိုင်စေရန် အတွက် အလားလေးရပ်ကို ထည့်သွင်းချုပ်ဆိုရန်လိုအပ်မည်ဖြစ်ပါသည်။
စာချုပ်ရှေ့နေ (ဦးအောင်ဇေယျ)
လေးစားစွာဖြင့်
Write your comment